အိစက်ရာကြီးကိုနှုတ်ဆက်ချိန်မှာ
နေမင်းကြီးကတော့နောက်ကျ
အလင်းရောင်မပါတဲ့မနက်ဆိုတာက
ငါ့အတွက်တော့ရိုးမြေကျ
ခေါက်ရိုးမကျတဲ့ ပကာသနတစ်စုံကို
အကြေသားမှတ်ကာနေရာချ
မျက်စိမပွင့်လဲနေသားတစ်ကျ
မျက်လုံးတွေကျင့်သားမရခင်
ခြေလှမ်းတွေသယ်ဆောင်ရာလိုက်ပါရ
မှုန်ဝါးဝါးအမြင်ကြောင့်လား
တစ်ထောင့်မနားတဲ့ဇရာကြောင့်လား
မြင်နေရတာက အမဲနုနုကေသာဆံစ
င့ါခေါင်းထက်မှာမင်းမူနေကြ
ဘီးရှာမရလို့လက်နဲ့အသာသ
ငါ့နာရီက ဒုတိယအကြိမ်မြည်သံပေးမှ
ဝတ်တရားအရ မျက်နှာဖုန်းအသစ်လဲဖို့ရေခွက်ကိုမ
မျက်နှာပေါ်ကရေကိုသပ်ချတော့
ကြမ်းရှရှနဲ့ ရေသောက်မြစ်တွေကိုရှင်းဖို့သတိရ
အတွေးစကိုဘီဒိုအာနာနဲ့ပါယ်ချ
အချိန်မလောက်မငှနဲ့
တကျုတ်ကျုတ်မြည်တဲ့ဝမ်းက
တောင့်တမှုတွေစခန်းထလို့
Chlorine ပြည့်ဝတဲ့ ဘုံဘိုင်ရေနဲ့ဝမ်းချ
အိမ်ဆိုတဲ့အရာက ကျောခင်းချိန်တစ်ခဏ
အိပ်ရေးမဝတဝ နောက်ကျိနေတဲ့စိတ်ကအစိုးမရ
ခေါင်းငိုက်စိုက်ချပြီး လူတွေကိုရှောင်လို့ရပေမယ့်
အလုပ်ရှင်ကိုတော့ရှောင်မရ
အပြုံးတုနဲ့ မျက်နှာဖုံးတစ်ခုကိုအတင်းစွပ်ချ
Good morning ဆိုတဲ့ဝေါဟာရကိုအာဂုံဆောင်လို့
စက်ကထွက်ကျတဲ့ Free Coffee ကြဲကြဲနဲ့အလုပ်ခွင်ကိုစ
နေမင်းကြီးကိုနှုတ်ဆက်ဖို့တောင်အချိန်မရ
ကဲ … င့ါမနက်ခင်းကဒီလိုစတယ်
.
ဇယ်ဆတ်သလို အလုပ်နဲ့မပြတ်တဲ့လက်
ဂုဏ်ဓရပ်တွေမလိုအပ်ပေမယ့်
ခေါတ်သစ်အရင်းရှင်စနစ်ရဲ့အမွေ
အကြွေးကတ်ဒ်တွေရဲ့လက်ပါးစေ
Credit bill ဆိုတဲ့ပါးကွက်သားကြောင့်
အချိန်တွေ ချွင်ချွင်မြည်ဖို့ခေါင်းဖေါ်မရ
ရှာသမျှဖွေသမျှ ရှေးဘဝ ဝတ်ကြွေးရယ်မကြေ
ဣိထိမသားတွေကျွေးရတာလဲ ဆယ်ရာခိုင်နှုန်းမက
သက်မောတွေခါခါချလို့ မနက်စာခေါ်မရနေ့ခင်းစာမပီသ
ပေါင်မုန့်ကြမ်းကိုရေနဲ့မျှောချ
ပစ္စုပန်ဆိုတဲ့ခုချိန်ခဏ ကုန်ဆုံးဖို့ကိုတောင့်တ
အားမပါတဲ့ လေသံဟဟနဲ့
Good bye ဆိုရပြန်တဲ့
အိမ်ပြန်ချိန်အရောက်မှာ
မာကျူရီမီးတွေလဲ ယိမ်းလို့နွဲ့လို့
နေမင်းကြီးလဲ တိမ်းလို့ရှောင်လို့
လမင်းကြီးကလဲမှေးလို့မှိန်လို့
တစ်နေ့တာနွမ်းလာသမျှကို
ဆည်းကြိုကာချွေးသိမ့်သူ
မွေ့ရာကြီးကိုသာတမ်းတလို့
သွေ့ခြောက်နေတဲ့အရေပြားနဲ့
အငွေ့ထွက်နေတဲ့ဦးခေါင်းကိုရေချ
လျှာရင်းမြတ်ဖို့အတွေးမများဘဲ
ထမင်းတစ်နပ်ကလဲ ကိုယ်ထူကိုယ်ထ
ဘဝဆိုတာက သီချင်းလေးငြီးသလို ချိုနိုင်ခဲသားမို့
လောဘ မောဟ မာန်မာနတွေနဲ့
လုံးချာလိုက်နေရင်း
မောဟိုက်လာတဲ့ခဏမှာ
ထီးဆိုင်သီချင်းလေးထဲကလို
အပြစ်ကင်းတဲ့ ကလေးလေးဘဝ
တစ်ခါပြန်တမ်းတရင်း မျက်လွှာကိုအသာချ
ဒီလို … ငါ့ရဲ့ဘဝတစ်မျက်နှာစခန်းသိမ်းရတယ်